စာရင်းပေးသွင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းများ

ပြိုင်ပွဲဝင်များ စာရင်းပေးသွင်းခြင်း

  1. ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ပြိုင်ပွဲဝင်ကြေးများကို တရားဝင်ဝဘ်ဆိုဒ် https://yomayangonmarathon.com/ တွင်သာ လျှောက်ထားပေးသွင်းရပါမည်။  
  2. ပြိုင်ပွဲဝင်ကြေးပေးသွင်းပြီး အတည်ပြုစာကို အီးမေးလ်မှ ရရှိမှသာ စာရင်းပေးသွင်းခြင်းကို အသိအမှတ် ပြုသည်။ 
  3. စာရင်းပေးသွင်းပြီးနောက်တွင် ပြိုင်ပွဲဝင်ကြေးကို မည်သည့်အကြောင်းပြချက်နှင့်ပင်ဖြစ်စေ ပြန်လည်ပေးအမ်းမည် မဟုတ်ပါ။
  4. စာရင်းပေးသွင်းရာတွင်မပြည့်စုံ၊ မှားယွင်းစွာ ဖြည့်စွက်ထားသော အချက်အလက်များကြောင့် ဖြစ်ပေါ်သည့် အငြင်းပွားဖွယ်ရာများကို ပွဲစီစဉ်သူမှ တာဝန်ယူမည်မဟုတ်ပါ။ 
  5. ပွဲစီစဉ်သူအနေဖြင့် ပြိုင်ပွဲဝင်များအား မည်သည့်အကြောင်းပြချက်နှင့်မဆို ပြိုင်ပွဲဝင်ခွင့်ကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။
  6. ပြိုင်ပွဲဝင်များသည် စာရင်းပေးသွင်းရာတွင် မှန်ကန်၊ တိကျပြီး နောက်ဆုံးရ ပြီးပြည့်စုံသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုသာ ထည့်သွင်းဖော်ပြရမည်။ လိုအပ်ပါက ပွဲစီစဉ်သူမှ ပြိုင်ပွဲဝင်ထံသို့ ဖုန်းဆက်ခြင်း၊ အီးမေးလ်ပို့ခြင်းတို့ကို ပြုလုပ်သွားမည်။ ပြိုင်ပွဲဝင်မှ စာရင်းပေးသွင်းစဉ် ဖြည့်စွက်ထားသည့် အီးမေးလ်လိပ်စာသို့ ပေးပို့သော အကြောင်းကြားစာများကို ပြိုင်ပွဲဝင်မှ လက်ခံရရှိသည်ဟု သတ်မှတ်သည်။  
  7. ပြိုင်ပွဲဝင်မှ မမှန်ကန်၊ မှားယွင်းပြီး ပြည့်စုံမှုမရှိသော အချက်အလက်များ ဖြည့်စွက်ခြင်း (သို့) စာရင်းပေးသွင်းစဉ် ဖြည့်စွက်ထားသော အချက်အလက်များကို ပွဲစီစဉ်သူမှ မမှန်ကန်၊ မှားယွင်းပြီး ပြည့်စုံမှုမရှိဟု သံသယရှိပါက အဆိုပါ ပြိုင်ပွဲဝင်များကို ပြိုင်ပွဲမှ အချိန်မရွေး ထုတ်ပယ်ပိုင်ခွင့်ရှိသည်။ ထို့အပြင် အနာဂတ်တွင် ကျင်းပမည့် ပြိုင်ပွဲများတွင်လည်း ပါဝင်ခွင့် ပိတ်ပင်နိုင်သည်။ 
  8. စာရင်းပေးသွင်းခြင်းပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ဖြည့်စွက်ပြီးခဲ့သော အချက်အလက်များကို ပြန်လည်ပြောင်းလဲနိုင်မည် မဟုတ်ပါ။  
  9. ဦးရာလူစနစ်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အမျိုးအစားများအားလုံးအတွက် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်အရေအတွက် ပြည့်သွားပါက ပြိုင်ပွဲဝင် ထပ်မံလက်ခံမည်မဟုတ်ပါ။
  10. ပြိုင်ပွဲဝင်တစ်ယောက်သည် ပြိုင်ပွဲအမျိုးအစားတစ်ခုတွင်သာ ပါဝင်ယှဉ်ပြိုင်နိုင်သည်။ 

အသက်သတ်မှတ်ချက်

  1. ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ ၏ တစ်ဝက်မာရသွန်တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် အသက် ၁၆ နှစ်နှင့်အထက်ဖြစ်ရမည်။
  2. ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ ၏စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ) တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် အသက် ၁၂ နှစ်နှင့် အထက်ဖြစ်ရမည်။
  3. ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ ၏ အပျော်တမ်းပြေးပွဲ (၅ ကီလိုမီတာ)တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် အသက် ၁၀ နှစ်နှင့် အထက်ဖြစ်ရမည်။ အသက် ၁၀ နှစ်အောက် ကလေးငယ်များသည် အုပ်ထိန်းသူတစ်ယောက် ပါမှသာ ပါဝင်ဆင်နွှဲနိုင်သည်။
  4. အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင်များအနေဖြင့် မိဘ/အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပြီး အွန်လိုင်းမှ စာရင်းပေးသွင်းချိန်တွင် မိဘ/ အုပ်ထိန်းသူမှ သဘောတူညီကြောင်းဖောင် (the Consent and Indemnity Form) ကို ဒေါင်းလုဒ်ဆွဲပြီး ဖြည့်စွက်လက်မှတ်ထိုးရန် လိုအပ်ပါသည်။ ထိုလက်မှတ်ရေးထိုးထားသည့် ဖောင်ကို ပြိုင်ပွဲဝင်ပစ္စည်း လာရောက်ယူသည့်နေ့တွင် ပွဲစီစဥ်သူထံ ပေးအပ်ရပါမည်။ မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရရှိထားသည့် ပြိုင်ပွဲဝင်များကို ပွဲစီစဥ်သူမှ ငြင်းပယ်ပိုင်ခွင့်ရှိသည်။

ပြိုင်ပွဲဝင်အမျိုးအစားများ

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ ၏ ပြိုင်ပွဲဝင်များအနေဖြင့် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစားများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

  • တစ်ဝက်မာရသွန် (၂၁.၁ ကီလိုမီတာ)
  • စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ)
  • အပျော်တမ်းပြေးပွဲ (၅ ကီလိုမီတာ)

ပြိုင်ပွဲဝင်ပစ္စည်း ထုတ်ယူခြင်း

  1. ပြိုင်ပွဲဝင်တိုင်းသည် ပြိုင်ပွဲဝင်ကြေးပေးသွင်းပြီးကြောင်း QR Code ပါရှိသည့် အတည်ပြုစာကို အီးမေးလ်မှ လက်ခံရရှိမှာ ဖြစ်ပါသည်။ အဆိုပါ အတည်ပြုစာကို ပြိုင်ပွဲဝင်ပစ္စည်း လာရောက်ထုတ်ယူသည့်နေ့တွင် မဖြစ်မနေ ယူဆောင်လာရပါမည်။
  2. ပြိုင်ပွဲဝင်တိုင်းသည် ပြိုင်ပွဲဝင်နံပါတ်ပြား၊အချိန်တိုင်းကိရိယာ၊ ပွဲအချက်အလက်စာအုပ်နှင့် အခြားပစ္စည်းများပါဝင်သည့် ပြိုင်ပွဲဝင်ပစ္စည်းများကို သတ်မှတ်ထားသော ရက်များတွင် လာရောက်ထုတ်ယူရမည်။ ပြိုင်ပွဲဝင်ပစ္စည်း လာရောက်ထုတ်ယူခြင်းနှင့် ပက်သက်သည့် အသေးစိတ်အချက်အလက်များကို ဝဘ်ဆိုဒ်နှင့် တရားဝင် ဖေ့ဘုတ်ပေ့ချ်တွင် တရားဝင် ကြေညာသွားမည်။ ပြိုင်ပွဲဝင်ပစ္စည်းကို ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်သော ပြိုင်ပွဲဝင်များအတွက် ကိုယ်စားလာရောက်ထုတ်ယူခြင်းကို ဝဘ်ဆိုဒ်တွင် အသေးစိတ် ဖော်ပြထားသော လုပ်နည်းအတိုင်း လာရောက်ထုတ်ယူနိုင်သည်။
  3. သတ်မှတ်ထားသောရက်ထက်နောက်ကျမှ လာရောက်ထုတ်ယူခြင်းကို ခွင့်ပြုမည်မဟုတ်သည့်အပြင် လာရောက်မထုတ်ယူခြင်းကြောင့် ဖြစ်ပေါ်သည့် ပြိုင်ပွဲဝင်ပစ္စည်းများ ပျောက်ဆုံးခြင်းနှင့် အခြားပြဿနာရပ်များကို ပွဲစီစဉ်သူမှ တာဝန်ယူမည်မဟုတ်ပါ။ ပြိုင်ပွဲဝင်ပစ္စည်း ထုတ်ယူရမည့် အချိန်ကာလကို ရက်တိုးသတ်မှတ်ခြင်း နှင့် ပြိုင်ပွဲဝင်တိုင်း ပြိုင်ပွဲဝင်ပစ္စည်း လက်ခံရရှိအောင် လုပ်ဆောင်ခြင်းတို့ကို ပွဲစီစဉ်သူမှ ပြုလုပ်ပေးမည် မဟုတ်ပါ။ ထို့ကြောင့် သတ်မှတ်ထားသည့် ရက်အတွင်း ပြိုင်ပွဲဝင်ပစ္စည်း လာရောက်ထုတ်ယူရန်မှာ ပြိုင်ပွဲဝင်တိုင်း၏ တာဝန်ဝတ္တရားသာ ဖြစ်သည်။ သတ်မှတ်ထားသည့် ရက်အတွင်း လာရောက်မထုတ်ယူသည့် ပြိုင်ပွဲဝင်ပစ္စည်းများကို အပိုပစ္စည်းဟု သတ်မှတ်ပြီး ပွဲစီစဉ်သူမှ ဖယ်ရှားရှင်းလင်းနိုင်သည်။

ပြိုင်ပွဲနေ့ - ယေဘုယျစည်းမျဉ်းများ

  1. ပွဲသို့ ပြိုင်ပွဲဝင်များ သယ်ဆောင်လာသည့် ကိုယ်ပိုင်ပစ္စည်းများနှင့် အားကစားဆိုင်ရာ ပစ္စည်းများသည် ပြိုင်ပွဲဝင်များ၏တာဝန်သာဖြစ်သည်။
  2. ပါဝင်ယှဥ်ပြိုင်မည့်သူများအားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် ပြိုင်ပွဲကျင်းပရာနေရာသို့ ခရီးဆောင်အိတ်များနှင့် ကိုယ်‌ရေးကိုယ်တာ အသုံးအဆောင်များ ယူဆောင်လာခြင်းကို တင်းကျပ်စွာ တားမြစ် ထားပါသည်။  ပစ္စည်းအပ်ရန်နေရာများကိုလည်း စီစဥ်ပေးထားမည် မဟုတ်ပါ။  ပြိုင်ပွဲဝင်များအနေဖြင့် သင့်လျော်သော အဝတ်အစားများကိုသာ ဝတ်ဆင်လာပြီး လိုအပ်သော ပစ္စည်း (ဥပမာ – ဖုန်း၊ မှတ်ပုံတင်) စသည်များကို မိမိနှင့်တစ်ပါတည်း ယူဆောင်သွားကြရန် အကြံပြုလိုပါသည်။ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိသည့် အိတ်များကိုလည်း လုံခြုံရေးအဖွဲ့မှ ကြိုတင်အသိပေးခြင်းမရှိဘဲ စွန့်ပစ်ခြင်း (သို့) ဖယ်ရှားခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
  3. ပါဝင်ယှဥ်ပြိုင်မည့်သူများအားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် မည်သည့် အရည်အမျိုးအစားမဆို (ရေသန့်ဗူးများ၊ အားဖြည့်အချိုရည်များ၊ အရက် နှင့် အခြားအဖျော်ယမကာများ) ကို ပွဲကျင်းပရာ နေရာသို့ ယူဆောင်လာခြင်းကို တားမြစ်ထားပါသည်။ ပွဲကျင်းပရာ နေရာနှင့် ပြေးလမ်းကြောင်းများတွင် သောက်သုံးရေ သုံးဆောင်နိုင်ရန် စီစဥ်ပေးထားပါသည်။ ထို့အပြင် ခွင့်ပြုချက်မရှိသော ယာဥ်များ၊ အိမ်မွေး တိရိစ္ဆာန်များ၊ ဖန်ပုလင်းများ၊ မီးလောင်လွယ်သော ပစ္စည်းများ၊ လက်နက်များနှင့် အန္တရာယ်ရှိ ပစ္စည်းများကို ပြိုင်ပွဲကျင်းပရာ အတွင်းသို့ ယူဆောင်လာခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။
  4. ပြိုင်ပွဲဝင်နံပါတ်ပြားတပ်ဆင်ထားသူများသာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ ပြိုင်ပွဲဝင်နံပါတ်ပြားများကို လွှဲပြောင်းပေးအပ်ခြင်း လုံးဝ မပြုလုပ်ရပါ။ လွှဲပြောင်းထားသော ပြိုင်ပွဲဝင်နံပါတ်ပြားများကို တပ်ဆင်ထားသော ပြိုင်ပွဲဝင်များကို ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းနှင့် တာထွက်သည့်နေရာသို့ ဝင်ရောက်ရန် ပိတ်ပင်ခြင်းတို့ကို ပွဲစီစဉ်သူမှ လုပ်ဆောင်နိုင်သည်။
  5. ပြိုင်ပွဲဝင်နံပါတ်ပြားကို ပြိုင်ပွဲဝင် အကျီအရှေ့တွင် ပြိုင်ပွဲဝင်နံပါတ် မြင်သာအောင် သေချာစွာ တပ်ဆင်ထားရန်လိုအပ်ပြီး ပြိုင်ပွဲတလျှောက်လုံး တပ်ဆင်ထားရမည်။ ပြိုင်ပွဲဝင်နံပါတ်ပြား အနောက်တွင်ပါရှိသည့် လျှောက်လွှာတွင် တိကျမှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ထားရမည်။ ပြိုင်ပွဲဝင်နံပါတ်ပြားကို ညှပ်ခြင်း၊ ချိုးခေါက်ခြင်းနှင့် ၎င်းအပေါ်တွင် ခြစ်ဆွဲရေးသားခြင်းများ၊ စတစ်ကာကပ်ခြင်းတို့ကို ပြုလုပ်ပါက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။ 
  6. တစ်ဝက်မာရသွန်နှင့်စိန်ခေါ်ပြေးပွဲ ပြိုင်ပွဲဝင်များအတွက် ယှဉ်ပြိုင်မှုကြာချိန်ကို ပြိုင်ပွဲဝင်နံပါတ်ပြား နောက်ကျောတွင် ထည့်သွင်းထားသည့် အချိန်မှတ်ကိရိယာဖြင့် မှတ်တမ်းတင်ထားမည်ဖြစ်သည်။ ၅ ကီလိုမီတာ အပျော်တမ်းပြေးပွဲအတွက် ယှဉ်ပြိုင်မှုကြာချိန်ကို မှတ်တမ်းတင်ထားမည် မဟုတ်ပါ။ 
  7. ပြိုင်ပွဲဝင်များသည် အချိန်မှတ်ပစ္စည်းကို မှန်ကန်စွာ အသုံးပြုရန် လိုအပ်ပါသည်။ တစ်ဝက်မာရသွန်နှင့် စိန်ခေါ်ပြေးပွဲ ပြိုင်ပွဲဝင်များသည် အချိန်မှတ်ပစ္စည်းကို မှားယွင်းစွာတပ်ဆင်ထားခြင်း (သို့) မတပ်ဆင်ထားပါက ၎င်းတို့၏ ယှဉ်ပြိုင်မှုကြာချိန်ကို မှတ်တမ်းတင်ထားနိုင်မည် မဟုတ်ပါ။ အချိန်မှတ်ပစ္စည်းကို ၅ ကီလိုမီတာ အပျော်တမ်းပြေးပွဲ အတွက် ထည့်သွင်းထားခြင်းမရှိပါ။  
  8.  ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသည့် တာထွက်နေရာတွင် နေရာယူပေးရပါမည်။ အပြေးမြန်သူများအနေဖြင့် အရှေ့ဆုံးမှ နေရာယူသင့်ပြီး အပြေးနှေးသူများအနေဖြင့် အနောက်ဘက်တွင် နေရာယူသင့်ပါသည်။
  9. အချိန်မှတ်ပစ္စည်းကိုမှန်ကန်စွာ အသုံးမပြုသူများသည် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်ချက် မပြည့်မှီသည့်အတွက် ၎င်းတို့၏ ယှဉ်ပြိုင်မှုကြာချိန်များကို ပြိုင်ပွဲရလဒ်များတွင် ရှာဖွေနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ၎င်းတို့၏ ယှဉ်ပြိုင်မှုကြာချိန်တွင် “DQ” ဟုသာ ရေးသားဖော်ပြထားမည်ဖြစ်ပြီး အီလက်ထရောနစ်လက်မှတ် ရရှိမည်မဟုတ်ပါ။ ၅ ကီလိုမီတာ အပျော်တမ်းပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများအတွက်လည်း ယှဉ်ပြိုင်မှုကြာချိန် မှတ်တမ်းထားခြင်း မရှိသည့်အတွက် အီလက်ထရောနစ် လက်မှတ် ရရှိမည်မဟုတ်ပါ။ 
  10. စာရင်းပေးသွင်းထားသောပြိုင်ပွဲ၏တာထွက်ချိန်ကို အချိန်မီ ရောက်မလာနိုင်သူများသည် ပြိုင်ပွဲတွင် ဆက်လက် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။ ထိုသို့ ပါဝင်ယှဉ်မပြိုင်နိုင်သည့်အတွက် ပေးသွင်းထားသည့် ပြိုင်ပွဲဝင်ကြေးကိုလည်း ပွဲစီစဉ်သူမှ ပြန်လည်ပေးအမ်းမည် မဟုတ်ပါ။ 
  11. ဘီးပါသောစက်ကိရိယာဖြစ်သည့်တွန်းလှည်းအမျိုးမျိုး၊ စကိတ်၊ စက်ဘီးနှင့် ဝှီးချဲအပြင် အခြားဘီးပါကိရိယာများကို ပြေးလမ်းများတွင် အသုံးပြုခွင့်မရှိပါ။ အဆိုပါပစ္စည်းများကို ပွဲစီစဉ်သူများသာ ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သည့် နေရာများနှင့်  ဆေးဘက်ဆိုင်ရာ ယာဉ်များတွင်သာ အသုံးပြုနိုင်သည်။
  12. အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် မြင်း၊ခွေး၊ကြောင် နှင့် အခြားတိရစ္ဆာန်များကို ပြိုင်ပွဲကျင်းပရာ နေရာနှင့် ပြေးလမ်းများသို့ ခေါ်ဆောင်လာခြင်း မပြုရပါ။
  13. ပွဲစီစဉ်သူအနေဖြင့် ပြိုင်ပွဲဝင်များနှင့်အခြားသူများ၏ အကျိုးကို ရှေးရှု၍ ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်ရန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုမရှိသည့် ပြိုင်ပွဲဝင်များကို ပြိုင်ပွဲတွင် ဆက်လက်မယှဉ်ပြိုင်ရန် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
  14. လုံခြုံရေးကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အခြားအရေးပေါ် ဝန်ဆောင်မှုများမှ ပြေးလမ်းကြောင်းကို ပြောင်းလဲပေးရန် တောင်းဆိုလာပါက ပွဲစီစဉ်သူမှ အချိန်မရွေး ပြောင်းလဲနိုင်သည်။ 
  15. ရာသီဥတုအခြေအနေပေါ်မူတည်၍ပွဲစီစဉ်သူမှ ပြိုင်ပွဲစတင်ချိန်ကို နောက်ဆုတ်ခွင့်ရှိသည်။ ပြိုင်ပွဲစတင်ချိန် နောက်ဆုတ်ပြီးသည့်တိုင် ရာသီဥတုအခြေအနေ ထူးခြားမှုမရှိပါက ပွဲစီစဉ်သူမှ ပြိုင်ပွဲဝင်များထံ အခကြေးငွေ ပြန်အမ်းရန်မလိုဘဲ ပြိုင်ပွဲကို အချိန်မရွေး ဖျက်သိမ်းပိုင်ခွင့် ရှိသည်။ 
  16. စာရင်းပေးသွင်းထားသော ပြိုင်ပွဲဝင်သည် အခြားသူတစ်ဦး၏ အကူအညီဖြင့် ပြိုင်ပွဲဝင်ပါက ဆုရရှိမည်မဟုတ်ပါ။ ပြိုင်ပွဲနှင့်ပတ်သက်၍ ကန့်ကွက်မှုတစ်စုံတစ်ရာရှိပါက စာဖြင့် ပေးပို့နိုင်ပါသည်။ နှုတ်ဖြင့်ကန့်ကွက်မှုများအား လက်ခံမည်မဟုတ်ပါ။ ဆုံးဖြတ်ချက်အားလုံးသည် ပွဲစီစဉ်သူမှချမှတ်မည်ဖြစ်သည်။
  17. စာရင်းသွင်းထားသောပြိုင်ပွဲဝင်များသည် ပြိုင်ပွဲအမျိုးအစား တစ်ခုချင်းစီအတွက် သတ်မှတ်ထားသော အချိန်အတွင်းပြီးမြောက်ရမည်။ သတ်မှတ်ထားသော အချိန်အတွင်း ပြီးမြောက်ခြင်းမရှိဘဲ ဆက်လက် ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်များ၏ ဘေးကင်းလုံခြုံရေးကို ပွဲစီစဉ်သူမှ တာဝန်ယူမည်မဟုတ်ပါ။ ၂၀၂၆ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်အတွက် သတ်မှတ်ထားသောပြိုင်ပွဲချိန် (cut off time) မှာ အောက်ပါအတိုင်းဖြစ်သည်။
    • တစ်ဝက်မာရသွန် (၂၁ကီလိုမီတာ) – ၄ နာရီ
    • စိန်ခေါ်မာရသွန် (၁၀ကီလိုမီတာ) – ၂ နာရီ
    • အပျော်တမ်းပြေးပွဲ (၅ ကီလိုမီတာ) – ၁ နာရီ နှင့် မိနစ် ၃၀

တားမြစ်ဆေးဝါးသုံးစွဲမှု စစ်ဆေးခြင်း

  1. တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) နှင့် စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ) တို့တွင် ဆုရအနိုင်ရရှိသူများအနေဖြင့် တားမြစ်ဆေးဝါးသုံးစွဲခြင်း ရှိ / မရှိကို လိုအပ်ပါက ပွဲစီစဥ်သူမှ စစ်ဆေးမှု ပြုလုပ်နိုင်ပါသည်။
  2. ဆေးစစ်မှုအပြီးတွင် တားမြစ်ဆေးဝါးသုံးစွဲထားသည့် စစ်ဆေးချက် တွေ့ရှိပါက ဆုရရှိသူ စာရင်းမှ ပယ်ထုတ်မည့်အပြင် နောင်လာမည့် ရိုးမမာရသွန်ပြိုင်ပွဲများတွင် ပါဝင်ခွင့်ကို ပိတ်ပင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဆုကြေး

  1. စာရင်းပေးသွင်းထားသော ပြိုင်ပွဲဝင်များသာ ၎င်းတို့ စာရင်းပေးသွင်းထားသော ပြိုင်ပွဲအမျိုးအစားအတွက် ဆုကြေးငွေ ရယူပိုင်ခွင့်ရှိသည်။
  2. ပြိုင်ပွဲဝင်တစ်ယောက်လျှင် ဆုတစ်ခုသာ ရယူခွင့်ရှိသည်။  
  3. ပြိုင်ပွဲအမျိုးအစားများအကြား ဆုကြေးငွေ လွှဲပြောင်းခွင့်မရှိပါ။  
  4. တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) နှင့် စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ) တို့တွင် အနိုင်ရရှိသူများသည် ၎င်းတို့၏တာထွက်ချိန်များပေါ်မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။
  5. ပွဲစီစဉ်သူမှဆုများကို သတ်မှတ်ထားသည့် ပြိုင်ပွဲအမျိုးအစားများအလိုက် ချီးမြှင့်ပိုင်ခွင့် ရှိသည်။ 
  6. ဆုရရှိသော နိုင်ငံခြားသားများအနေဖြင့်ဆုကြေးငွေအတွက် အခွန်ပေးဆောင်ရမည်။
  7. ပွဲစီစဉ်သူမှချမှတ်ထားသည့်စည်းကမ်းချက်များအရ ဆုများ( ဥပမာ-ဒိုင်းဆု) ကို ငွေသားအဖြစ် ပြောင်းလဲပေးအပ်မည် မဟုတ်ပါ။ ပွဲစီစဉ်သူမှ မူလချီးမြှင့်မည့် ဆုများအတိုင်းသာ ရရှိမည်ဖြစ်ပါသည်။ 
  8. ဆုကြေညာချက်နှင့် ပတ်သက်၍ဆုပေးပွဲအခမ်းအနားမတိုင်မီ ၁၅ မိနစ်အတွင်း အယူခံ ဝင်နိုင်ပါသည်။
  9. ၅ ကီလိုမီတာ အပျော်တမ်းပြေးပွဲအတွက်ဆုချီးမြှင့်မည် မဟုတ်ပါ။ 
  10. အနိုင်ရဆုရရှိသူသည် အကြောင်းတစ်ခုခုကြောင့် ဆုရရှိရန် မသင့်လျော်ပါက ပွဲစီစဉ်သူအနေနှင့်အခြားသူဖြင့် အစားထိုးနိုင်ခွင့်ရှိသည်။  

ပြိုင်ပွဲဝင်များ၏ ရပိုင်ခွင့်များ

  1. ပြိုင်ပွဲကိုပြီးဆုံးအောင် ယှဉ်ပြိုင်သော ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ပြိုင်ပွဲဝင်နံပါတ်ပြားကို တာဝန်ရှိသူထံ ပြသပြီးပါက ပြိုင်ပွဲဝင် အမျိုးအစားပေါ်မူတည်၍ ဆုတံဆိပ် ရရှိမည်ဖြစ်သည်။
  2. ဆုတံဆိပ်များကို ပြိုင်ပွဲနေ့တွင်လာရောက်ထုတ်ယူရမည်။ ပြိုင်ပွဲပြီးနောက် လာရောက်ထုတ်ယူခြင်းကို ခွင့်ပြုမည် မဟုတ်ပါ။  
  3. စာရင်းပေးသွင်းထားသည့် ပြိုင်ပွဲဝင်အမျိုးအစားများတွင်အောင်မြင်စွာပန်းဝင်သည့် ပြိုင်ပွဲဝင် များကို အီလက်ထရောနစ်လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ အီလက်ထရောနစ်လက်မှတ်များကို ပြိုင်ပွဲအပြီး တစ်လအတွင်း ဝဘ်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်။ ပြိုင်ပွဲကို သတ်မှတ်ချိန်အတွင်း ပန်းမဝင်သည့်သူများ နှင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည့်သူများ အနေဖြင့် အီလက်ထရောနစ်လက်မှတ် ရရှိမည် မဟုတ်ပါ။
  4. အီလက်ထရောနစ်လက်မှတ်များသည် စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ) နှင့် တစ်ဝက် မာရသွန် (၂၁ ကီလိုမီတာ) ပြိုင်ပွဲဝင်များအတွက်သာ အကျုံးဝင်သည်။ ၅ ကီလိုမီတာ အပျော်တမ်းပြေးပွဲ သည် အချိန်ကန့်သတ်ထားသည့် ပြိုင်ပွဲမဟုတ်သည့်အတွက် အီလက်ထရောနစ်လက်မှတ်သည် အကျုံးမဝင်ပါ။  

ပြိုင်ပွဲမှ နှုတ်ထွက်ခြင်း

  1. ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းပြီးသည်နှင့် တစ်ပြိုက်နက် မည်သည့်အကြောင်းပြချက်နှင့်မျှ ပြိုင်ပွဲဝင်ကြေးကို ပြန်လည်ပေးအမ်းမည် မဟုတ်ပါ။  
  2. ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ပြိုင်ပွဲဝင်ခွင့်ကို အခြားသူများထံ လွှဲပြောင်းခြင်းများ လုံးဝ မပြုလုပ်ရပါ။  
  3. စာရင်းပေးသွင်းပြီးသည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲအမျိုးအစား ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ပါ။

အခြားစည်းမျဉ်းများ

  1. ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပွဲစီစဉ်သူသည်ပွဲပရိုမိုးရှင်းအတွက် အသုံးပြုသည့် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု ချို့ယွင်းခြင်းများအတွက် တာဝန်ယူမည်မဟုတ်ပါ။ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် နှင့် ပွဲစီစဉ်သူသည် ပြိုင်ပွဲအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပက်သက်သည့် ကုန်ပစ္စည်းသွင်းသူများ၏ ကိုယ်စားလှယ် မဟုတ်ပါ။ ထို့ကြောင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ချို့ယွင်းလိုအပ်ချက်များအတွက် သက်ဆိုင်ရာကုန်ပစ္စည်းသွင်းသူများနှင့်သာ တိုက်ရိုက်ဖြေရှင်းရမည်။ ကုန်ပစ္စည်းသွင်းသူများအနေဖြင့် ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု ပြန်လဲလှယ်မှုများ အတွက် စည်းကမ်းချက်များ ထည့်သွင်း အသုံးပြုနိုင် သည်။  
  2. ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု လဲလှယ်ခြင်း (သို့) အသုံးပြုခြင်းတို့ကြောင့် ဖြစ်ပေါ်သည့် ထိခိုက်ဒဏ်ရာရရှိမှု၊ပျောက်ဆုံးပျက်စီးမှုများအတွက် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် နှင့် ပွဲစီစဉ်သူမှ တာဝန်ယူမည်မဟုတ်ပါ။
  3. ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် နှင့် ပွဲစီစဉ်သူသည် ဤနေရာတွင် ဖော်ပြထားသော အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အမှန်ကန်ဆုံးဖြစ်အောင် ကြိုးစားဖော်ပြ ထားသော်လည်း အချက်အလက် မပြည့်စုံခြင်းနှင့် တိကျမှုမရှိခြင်းတို့အတွက် တာဝန်ယူ ဖြေရှင်းမည်မဟုတ်ပါ။ ကြေညာချက်များ ထုတ်ပြန်ချိန်တွင် တိကျမှန်ကန်မှုရှိအောင် ပွဲစီစဉ်သူ မှ အတတ်နိုင်ဆုံး ကြိုးစားသွားမည် ဖြစ်သည်။
  4. ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် နှင့် ပွဲစီစဉ်သူသည် ပြိုင်ပွဲအတွင်းရှိ အပြေးသမား များ၊ ပါဝင်အားပေးသူများ၊ လုပ်အားပေးများ နှင့် မိတ်ဖက်အပြင် အခြားအရာများကို ရိုက်ကူး မှတ်တမ်းတင်ထားသော ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အခြားရိုက်ကူးမှုများကို စီးပွားဖြစ် ကြော်ငြာအပါအဝင် ဥပဒေနှင့် ငြိစွန်းမှုမရှိသည့် မည်သည့်နေရာတွင်မဆို ပြန်လည်အသုံးပြု ပိုင်ခွင့်ရှိသည်။ အထက်ဖော်ပြပါ ရိုက်ကူး မှတ်တမ်းတင်မှုများ၏ မူပိုင်ခွင့်နှင့် သုံးစွဲပိုင်ခွင့်ကို ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် နှင့် ပွဲစီစဉ်သူမှသာ ပိုင်ဆိုင်သည်။
  5. ပွဲစီစဉ်သူသည် ပွဲနှင့်သက်ဆိုင်သော အရာများ (ဥပမာ – နေ့ရက်၊ အချိန်၊ နေရာ၊ အစီအစဉ် နှင့် အခြား ပွဲနှင့် ပတ်သက်သည့် ကိစ္စအရပ်ရပ်) ကို လိုအပ်သလို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ တွင် အားလုံးနဲ့ ပြန်လည်ဆုံတွေ့ကြရအောင်!

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ အကြောင်း

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်လာခဲ့ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများ အတူတကွ စုပေါင်းပါဝင်ကြသည့် ကြီးကျယ်ခမ်းနားမှုအရှိဆုံး အားကစားပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။ 

အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

ဆက်သွယ်ရန်

သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁

Yoma Yangon International Marathon © 2026. All rights reserved.